အင်စတာဂရမ်ကနေ ကလေးတွေကို ရောင်းနေတဲ့ လူ ၄ဦးကို အင်ဒိုအာဏာပိုင်တွေ ဖမ်းဆီး

အင်စတာဂရမ်ကို သုံးပြီး ကလေးတွေကို ရောင်းချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်ဒိုနီးရှား ၄ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

မိသားစု သာရေးနာရေး အေဂျင်စီတခုရဲ့ နာမည်နဲ့ အင်စတာဂရမ်အကောင့်တခုမှာ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ဓာတ်ပုံတွေ အာထရာဆောင်းစကင် တွေရဲ့ ပုံတွေကို တင်ထားခဲ့ပါတယ်။


တယ်လီဖုန်းနံပါတ်တခုကိုပါ တင်ထားတဲ့အတွက် ကလေးဝယ်လိုသူတွေအနေနဲ့ WhatsApp အပလီကေးရှင်းကနေ ဆက်သွယ်နိုင်တယ်လို့ ဆူယာဘာရာပြည်နယ် ရဲအဖွဲ့က ပြောပါတယ်။

ဒီလို ကလေးတဦးကို ဝယ်ဖို့ ဆက်သွယ်နေတာကို သူတို့ ကြားဝင်တားဆီးနိုင်ခဲ့ပေမယ့် ရောင်းချပြီးသား တခြား ကလေးငယ် တဦးထက်မနည်းကို ရှာနေဆဲလို့ ရဲတွေက ပြောပါတယ်။

ကလေး မွေးစားချင်တဲ့ လူတွေက ဒီအကောင့်ကို သုံးပြီး WhatsApp ကတဆင့် အရောင်းအဝယ် ပြီးမြောက်အောင် လုပ်ကြတယ်လို့ ဆူယာဘာရာ ပြည်နယ်က ရဲမှူးကြီး ဆူဒါမီရမ်ရဲ့ အပြောကို ကိုးကားပြီး အင်ဒိုနီးရှားက Detik သတင်းဝက်ဆိုက်မှာ ရေးသားထားပါတယ်။

မိသားစု သာရေးနာရေးအေဂျင်စီ အကောင့်ဟာ မိသားစုပြသနာကို ကူညီဖြေရှင်းပေးမယ်ဆိုပြီး တင်ထားတဲ့ အကောင့် ဖြစ်တယ်လို့ ဆိုပါတယ်။


အဲဒီအကောင့်မှာ follower ၇၀၀ ကျော်ရှိပြီး မျက်နှာမပေါ်အောင် မှုန်ဝါးထားတဲ့ ကလေးလေးတွေရဲ့ ဓာတ်ပုံတွေကို သူတို့ရဲ့ အသက်၊ နေရပ်၊ ကိုးကွယ်တဲ့ ဘာသာ စတဲ့ အချက်အလက်တွေနဲ့ အတူ တင်ထားပါတယ်။

အဲဒီအကောင့်မှာ အကောင့်ပိုင်ရှင်နဲ့ ဆက်သွယ်လာသူတွေကြား အပြန်အလှန်ပြောဆိုကြတာတွေကို စခရင် ရှော့ ရိုက်ပြီး တင်ထားတာကိုလည်းတွေ့ရပါတယ်။

တခုမှာဆိုရင် အမျိုးသမီးတဦးက သူ့မှာ ကိုယ်ဝန် ၇ လရှိနေပြီး ဒါကို မိသားစုသိမှာ စိုးတယ်လို့ ပြောထားတာ တွေ့ရပါတယ်။

တခြားပို့စ်တခုမှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးရဲ့ ပုံနဲ့ အတူ နေရပ်လိပ်စာ အသေးစိတ်ကို ရေးထားတာ တွေ့ရပါတယ်။ အဲဒီ ပုံရဲ့အောက်မှာ မွေးစားချင်တဲ့ လူတွေ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းနံပါတ်ကို ပေးထားပါတယ်။

အဲဒီပို့စ်တွေအားလုံးမှာ ကလေးရောင်းတယ် ဝယ်တယ်ဆိုတာနဲ့ ပတ်သက်လို့ ဖော်ပြထားတာတော့ မတွေ့ရပါဘူး။

အောက်တိုဘာ ၁၁ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စက်တင်ဘာလဆန်းပိုင်း လုပ်ဖို့ စီစဉ်ခဲ့တဲ့ ကလေး အရောင်းအဝယ်တခုကို သူတို့ တားဆီးနိုင်ခဲ့ပြီးနောက် လူ ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရဲက ပြောပါတယ်။

LA လို့ ဖေါ်ပြတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးက သူရဲ့ ၁၁ လ အရွယ် ကလေးကို ရောင်းဖို့ ကြိုးစားခဲ့တာလို့ ရဲတွေက ပြောပါတယ်။

ဝယ်သူက ဒေါ်လာ တထောင်လောက်နဲ့ ညီမျှတဲ့ အင်ဒိုနီရှား ရူပီယာ ၁၅ သန်း ကို LA ကို ပေးရမှာ ဖြစ်ပြီး ပွဲစားကို ရူပီယာ ၅ သန်း၊ အင်စတာဂရမ်အကောင့် ပိုင်ရှင်ဆိုသူကို ရူပီယာ ၂ သန်းခွဲ ပေးရမှာ ဖြစ်ပါတယ်။

ဖမ်းဆီးခဲ့သူ ၄ ဦး စလုံးဟာ ကလေးအရောင်းအဝယ်မှာ ပါဝင်ပတ်သက်သူတွေဖြစ်ပြီး ကလေးသူငယ် တွေကို အကာအကွယ်ပေးရေး ဥပဒေ ချိုးဖောက်မှုနဲ့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

အင်ဒိုနီးရှားမှာ အရင်ကလည်း တရားမဝင် ကလေးရောင်းဝယ်မှုတွေ ရှိခဲ့ပေမယ့် အခုလို အင်စတာဂရမ်ကိုသုံးပြီး အရောင်းအဝယ်လုပ်တာ မျိုး မရှိသလောက်ဖြစ်ပြီး ဒါဟာ နည်းလမ်းသစ်တခုလို့ အစိုးရရဲ့ ကလေးသူငယ် အကာအကွယ် ပေးရေး ကော်မရှင်က ပြောပါတယ်။

ဝယ်သူတွေရဲ့ ရည်ရွယ်ချက်ကို အသေအချာမသိရပေမယ့် ကလေးဝယ်သူတချို့ဟာ ကလေးမွေးစားဖို့ တရားဝင် သတ်မှတ်ထားချက်တွေကို မပြည့်မီတဲ့ အတွက် အခုလို တရားမဝင်နည်းနဲ့ မွေးစားဖို့ ကြိုးစားကြတာဖြစ်မယ်လို့ ကလေးသူငယ် အကာအကွယ်ပေးရေး ကော်မရှင် တာဝန်ရှိသူတဦးက ဘီဘီစီ ကို ပြောပါတယ်။

နောက်ပြီးအရွယ်မရောက်သေးသူတွေကို လိင်လုပ်ငန်းမှာ ခိုင်းစေဖို့အတွက် ကလေးတွေကို တရားမဝင်မွေးစားခဲ့တာတွေ ဒီအရင်က အင်ဒိုနီးရှားမှာ ရှိတယ်လို့ ဆိုပါတယ်။

©BBC

®Daily Myanmar News

အင်စတာဂရမ်ကနေ ကလေးတွေကို ရောင်းနေတဲ့ လူ ၄ဦးကို အင်ဒိုအာဏာပိုင်တွေ ဖမ်းဆီး အင်စတာဂရမ်ကနေ ကလေးတွေကို ရောင်းနေတဲ့ လူ ၄ဦးကို အင်ဒိုအာဏာပိုင်တွေ ဖမ်းဆီး Reviewed by Daily Myanmar Media on October 13, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.