ထိုင်းနိုင်ငံ၊ ဟတ်ရိုင်ခရိုင်ထဲက ဟိုတယ်တခုမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တဦးဟာ ၈ ထပ်အမြင့်ရှိ အခန်းကနေ ပြုတ်ကျပြီး သေဆုံးသွားပါတယ်။
ဒီအဖြစ်အပျက်ဟာ အောက်တိုဘာ ၁၈ ရက် ညပိုင်းက ဖြစ်ခဲ့ပြီး အခင်းဖြစ်ချိန်မှာ ဖခင်ဟာ ရေချိုးနေခဲ့တယ်လို့ ဆိုပါတယ်။
ဖခင်ဖြစ်သူ အမျိုးသားဟာ မလေးရှားနိုင်ငံက ရောက်နေတာဖြစ်ပြီး မိသားစုနဲ့ တွေ့ဆုံဖို့ လာရောက်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဲဒီအချိန်မှာ ကလေးငယ်ရဲ့ မိခင်ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ဆီရိပွန်ဆေး ခဝေဟာ မြေညီထပ် ဟိုတယ်ဧည့်ခန်းမှာ စောင့်နေခဲ့တာပါ။
လုံခြုံရေးကင်မရာထဲမှာတော့ ကလေးငယ်ဟာ အခန်းထဲကထွက်ခဲ့ပြီး အရေးပေါ်ထွက်ပေါက် တံခါးနားမှာ ဆော့ကစားနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် တံခါးကို ဖွင့်လိုက်ချိန်မှာ အဲဒီတံခါးပေါက်ကတဆင့် မြေပြင်ဆီ ပြုတ်ကျသွားခဲ့တာပါ။
ကလေးငယ်ရဲ့ မိခင်ဖြစ်သူကတော့ သူဟာ သားဖြစ်သူရယ်၊ ဆွေမျိုးတွေရယ်နဲ့အတူ မလေးရှားကရောက်လာတဲ့ ခင်ပွန်းဖြစ်သူကို လာတွေ့ခဲ့တာလို့ ပြောပါတယ်။
သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဖခင်အမျိုးသားကတော့ ဒီအဖြစ်အပျက်ကို မယုံကြည်နိုင်ဘဲ ထိတ်လန့်အံ့သြနေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ရဲတွေက အမှုဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေစုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

by Thiha Ko KO
ဖခင်ရေချိုးနေချိန် ဟိုတယ် ၈ ထပ်အခန်းမှ ပြုတ်ကျပြီး ၅ နှစ်သားကလေးငယ် သေဆုံး
Reviewed by Daily Myanmar Media
on
October 20, 2018
Rating:
Reviewed by Daily Myanmar Media
on
October 20, 2018
Rating: