တပ်မတော်နှင့် KIA တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွား


  မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တို့အကြား အောက်တိုဘာလထဲတွင် မြစ်ကြီးနားမြို့နယ် ထဲရှိ ဆင်ဘိုဒေသတွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA/ KIO ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက မဇ္စျိမသို့ပြောသည်။


တပ်မတော်နှင့် KIA တို့တိုက်ပွဲမဖြစ်ပွားသည်မှာ ၆ လခန့်ကြာမြင့်ခဲ့ပြီး ယခုဖြစ်ပွားခဲ့သောတိုက်ပွဲမှာ အောက်တိုဘာ ၁၁ ရက် နံနက် ၈နာရီကျော်တွင် ပထမဆုံးအကြိမ်ပြန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ မြစ်ကြီးနားမြို့နယ် ဧရာဝတီပထမမြစ်ကျဉ်းပေါ့။ အဲဒီ့နားမှာဖြစ်သွားတာ။ မိနစ် ၃၀ လောက်ပဲဖြစ်တယ်။ ခဏလေးဆိုပြန်ငြိမ်သွားတယ်လို့ကြားတယ်။ ဒါပေမယ့် အဲ့ဘက်က ဖုန်းတွေဘာတွေဆက်သွယ်ရခက်တယ်။ တိကျတဲ့သတင်းတွေကတော့ အခုထိတော့ဘာမှမကြားရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူ ကပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာနေရာသည် ကချင်လွတ်လပ်ရေးအဖွဲ့(KIA) ၏ တပ်ရင်း (၅) ရှေ့တန်းနေရာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဟုပြော၍ ရကြောင်း ၄င်းကဆိုသည်။

“ ဖြစ်တဲ့နေ့ကတိုက်ပွဲကတော့ ငြိမ်သွားပြီ။ တပ်မတော်က သူတို့ထိုးထားတဲ့စစ်ကြောင်းတွေ ပြန်ရုပ်တာ မရှိသေးတော့ စစ်ရေးအခြေအနေက နည်းနည်းပြန်တင်းမာတယ်လို့ပြောလို့ရတာပေါ့” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

တိုက်ပွဲဖြစ်ပွားရခြင်းမှာ တပ်မတော်ဘက်မှ KIA ၏ရှေ့တန်းကာခင်းများကို နယ်မြေရှင်းလင်းရေး လုပ်ချင်သည့် အတွက်ကြောင့် ဖြစ်နိုင်ကြောင်း ၄င်းကဆက်လက်ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားသည့်နေရာသည် သစ်မှောင်ခိုသမားများအဓိကကျက်စားသည့်နေရာဖြစ်ကြောင်းလည်း ဒေသခံများကပြောသည်။ လက်ရှိအချိန်ထိ တိုက်ပွဲကြောင့် ထွက်ပြေးတိန်းရှောင်ရသည့် စစ်ဘေးရှောင် အရေ အတွက်ကိုမူ သိရှိခြင်းမရှိသေးသော်လည်း တောထဲတွင်တိမ်းရှောင်နေသူများလည်းရှိနေနိုင်ကြောင်း ဒေသခံ များကဆိုသည်။

“ဧရာဝတီအနောက်ဘက်ခြမ်းတွေမှာ စစ်ရေးတွေပိုလာမှာတော့ စိုးရိမ်မိပါတယ်။ ဘာလို့ဆို ပွင့်လင်းရာသီ ရောက်လာပြီး ပွင့်လင်းရာသီရောက်တဲ့အချိန်မှာ အပစ်အခတ်ရပ်စဲရေးကိုမလုပ်နိုင်ဘူးဆိုရင်တော့ စစ်ရေး တိုက်ပွဲပိုလာနိုင်ပါတယ်။ တရုတ်ပြည်ကနေပြီး သူ့နယ်စပ်မှာတိုက်ပွဲတွေဖြစ်လာနိုင်တာနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သမျှညှိနှိုင်းနေတဲ့အချိန်ဖြစ်တဲ့အတွက် တရုတ်ပြည်နယ်စပ်မှာမဖြစ်ရင်တောင်မှ တရုတ်ပြည် နယ်စပ်နဲ့ အလှမ်းဝေးတဲ့ ဧရာဝတီအနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်လာနိုင်တာမျိုး စိုးရိမ်စရာ အခြေအနေရှိပါတယ်။ ဒီအခြေအနေမှာတော့ ၁၀ဖွဲ့နဲ့တွေ့ပြီးလို့ရှိရင် ကျန်တဲ့မြောက်ပိုင်းအဖွဲ့တွေနဲ့ အပစ် အခတ်ရပ်စဲဖို့လည်း NRPC အနေနဲ့အလေးထားလုပ်သင့်တယ်လို့ထင်ပါတယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ နှစ်ဆန်းပိုင်းတို့တွင်လည်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တို့အကြား တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ဖူးပြီး တိုက်ပွဲအရှိန်လျော့ချရန် တပ်မတော်နှင့် KIA တို့အကြား ဆွေးနွေးခဲ့သေးသော်လည်း အဆင်မပြေခဲ့ကြောင်းသိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် “၀” အဖွဲ့ (UWSA) ဦးဆောင်သည့်FPNCC အဖွဲ့ဝင်လည်းဖြစ်ပြီး အစိုးရနှင့် NCA မထိုးဘဲနိုင်ငံရေး ဆွေးနွေးရန် ကြိုးပမ်းနေသည့်အဖွဲ့လည်းဖြစ်သည်။
©MIZZIMA
®Daily Myanmar Media
တပ်မတော်နှင့် KIA တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွား တပ်မတော်နှင့် KIA တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွား Reviewed by Unknown on October 13, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.