အထာကျကျလမ်းခွဲကြမယ် (လမ်းခွဲစကားဘယ်လိုပြောကြမလဲ…..)

တစ်ယောက်နဲ့တစ်ယောက်အမှန်တကယ်ပက်သက်ဆက်နွယ်နေပြီး သင့်ဘက်က လက်ထပ်ဖို့ထိအရှည်ကြီးတွေးထားပြီးမှ လမ်းခွဲဖို့ဖြစ်လာတာမျိုးကြုံဖူးကြလား။ တစ်စုံတစ်ယောက်နဲ့ရင်းနှီးပြီးမှ ကွဲကွာရမယ်..ပြီးတော့အဲဒီ့စီရင်ချက်ကိုချမှတ်ရမယ့်သူကလည်းကိုယ်ပဲဖြစ်နေတဲ့အခါ ခံစားချက်ကြီးကတစ်မျိုးကြီးပါ။ အကြောင်းတစ်ခုခုကြောင့်သင့်ချစ်သူနဲ့ သေချာပေါက်လမ်းခွဲမှဖြစ်တော့မယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက် မျက်နှာမပျက်အောင်နဲ့ ခံစားရသက်သာအောင် တည်တည်ငြိမ်ငြိမ်လေးလမ်းခွဲတတ်ဖို့လိုပါတယ်။ သူ့ကို ဘယ်လိုလမ်းခွဲစကားပြောရမလဲဆိုတာက ဘာကြောင့်လမ်းခွဲချင်တာလဲဆိုတာနဲ့ တိုက်ရိုက်ပက်သက်ပါတယ်။ သင်မကြိုက်တာတွေထပ်တလဲလဲလုပ်လို့ ဘယ်လိုမှထပ်ပြီးအခွင့်အရေးမပေးချင်လောက်အောင်စိတ်ပျက်သွားတာလား။ ဒါမှမဟုတ် သင်ကိုယ်တိုင်ကအသစ်တွေ့နေလို့ လမ်းခွဲချင်တာလား။ ဘာမှမဟုတ်ပဲဒီတိုင်းနေရင်းနဲ့ကို မပျော်တော့ဘူးဖြစ်လာလို့တစ်ယောက်တည်းနေချင်တာလား။ မချစ်တော့လို့လား။ အကြောင်းအရင်းကိုသေချာသိပြီိဆိုရင်တော့ လမ်းခွဲစကားပြောလို့ရပါပြီ။

လူကိုယ်တိုင်ပြောပါ

Message နဲ့လမ်းခွဲတာတွေဖုန်းနဲ့လမ်းခွဲတာတွေက သတ္တိနည်းရာကျပါတယ်။ကိုယ်က ရာဇဝင်လူဆိုးကို ဘဲတော်ထားမိလို့ တွေ့ပြီးလမ်းခွဲရင်ဟိုက ဓားထိုးပက်စက်လိုက်မှာကြောက်လို့ ကားတင်ပြေးမှာစိုးလို့ဆိုရင်တော့တစ်မျိုးပေါ့နော်။ မဟုတ်ရင်တော့ လူတွေ့ပြီးလမ်းခွဲတာက တစ်ဖက်သားကိုလေးစားရာကျသလို ပိုပြီးတော့ပြတ်သားစေပါတယ်။ ကြားခံနယ်တစ်ခုခုကလမ်းခွဲတဲ့အခါ သူကလည်း အပြင်မှာတွေ့ရင်စိတ်ပြောင်းဦးမှာပါဆိုပြီး တွေ့ဖို့ကြိုးစားတာတွေလုပ်နိုင်ပါတယ်။



ပြတ်ပြတ်သားသားကြေငြာပါ

ငါတို့လမ်းခွဲကြမလား၊ငါတို့လမ်းခွဲရအောင် ဆိုပြီး တိုင်ပင်တဲ့သဘောသက်ရောက်တဲ့စကားတွေထက် ငါနဲ့နင်နဲ့ပြတ်ပြီ၊ငါနင်နဲ့ဆက်မတွဲနိုင်တော့ဘူး ဆိုတာမျိုး ကိုယ့်ဆုံးဖြတ်ချက်ကိုကြေငြာတာကပိုထိရောက်ပါတယ်။ အယူခံဝင်ခွင့်ကိုပါပယ်ချလိုက်တာပါ။ ဟ ဘာလို့လဲဘာညာဆိုမှ အောက်ကအချက်တွေဆက်လုပ်ပါ။



အေးအေးလူလူအသိပေးပါ

နင်ငါနဲ့လုံးဝလာမပက်သက်နဲ့တော့ ဘာညာဗြူးဗြဲလုပ်တာတွေက ဓားနဲ့ထိုးခံရမယ့်အကွက်တွေပါ။ ဘာကြောင့်လမ်းခွဲချင်တာဆိုတာသေချာရှင်းပြပါ။ ဒီတိုင်းဟတ်ကော့ကြီးထားခဲ့တာထက်စာရင် အကြောင်းအရင်းလေးပြောခဲ့တော့ သူ့အနေနဲ့လည်းခံစားရသက်သာမှာပါ။ကိုယ်တစ်ချိန်ကချစ်ခဲ့ဖူးတဲ့လူကို ကြင်ကြင်နာနာဆက်ဆံပါ။ ဘယ်လိုကဘယ်လိုဖြစ်လို့ ငါတို့ရှေ့လျှောက် အဆင်မပြေလောက်တော့ဘူး။ ဝမ်းနည်းပါတယ်ပေါ့။ (နောက်လည်း အဆက်အသွယ်ဖြတ်ပြီးခြေရာလည်းပျောက်ရေလည်းနောက်လုပ်မယ့်အတူတူ သူလည်းလိုက်မရှာနေအောင် သေချာပြတ်ပြတ်သားသားပြောခဲ့ပါ။)

အေးအေးလူလူပြောတယ်ဆိုတာ အိညှောင့်အိညှောင့်ပြောခိုင်းတာမဟုတ်ပါဘူး။ ခပ်ယဲ့ယဲ့ပုံနဲ့သွားပြောနေရင်တော့ ဟိုကမူနေတယ်ပဲထင်သွားပါလိမ့်မယ်။ အေးအေးဆေးဆေးနဲ့ပြတ်ပြတ်သားသား သူ့မျက်လုံးတွေထဲကိုစိုက်ကြည့်ပြီးပြောပါ။သင်သူ့ကိုလုံးဝမချစ်တော့ဘူးဆိုတာ သူအသေအချာသိသွားပါစေ။



ပွင့်ပွင့်လင်းလင်းပြောပါ

အဖေကဘာဖြစ်လို့ အမေကဘာဖြစ်လို့ သူငယ်ချင်းတွေကဘာပြောလို့ ရောဂါဖြစ်နေလို့ နိုင်ငံခြားသွားမှာမို့လို့ ဆိုတာတွေက တစ်ဖက်သားကိုပိုခံစားရအောင်သက်သက်ကြီးညှဉ်းဆဲရာကျပါတယ်။ အသစ်တွေ့နေလို့ နင့်ကိုလမ်းခွဲပြီးမှ သူနဲ့တွဲလို့ရမှာမို့လို့ဆိုတာမျိုးက တစ်ခွန်းတည်းနဲ့ထိရောက်ပါတယ်။ နောက်ဆုံးပြောတဲ့စကားမှာ အလိမ်အညာတွေနဲ့မထားခဲ့ပါနဲ့။ တွဲလာတဲ့တစ်လျှောက်လုံးကိုယ်လိမ်လာခဲ့တာတွေ များရင်တောင်မှ နောက်ဆုံးစကားကိုတော့ အမှန်အတိုင်းသိခွင့်ပေးသင့်ပါတယ်။



လမ်းခွဲပြီးရင်နောက်ပြန်မလှည့်ပါနဲ့။မဟုတ်ရင်အဲဒီ့လူကိုသင်ဘယ်သောအခါမှ လမ်းခွဲလို့ရတော့မှာမဟုတ်ပါဘူး။ ဆေးယဉ်သွားတဲ့တီဘီပိုးတွေလိုပဲ ဘဝတစ်လျှောက်လုံးဒုက္ခပေးနေတော့မှာပါ။ ကိုယ်စိတ်ဆင်းရဲလွန်းလို့ လမ်းခွဲဖူးတဲ့လူကို စိတ်ပြန်လည်တာက အရင်တစ်ခေါက်ကဒဏ်ရာတွေကိုမေ့သွားလို့ပါ။ သံသရာမရှည်ပါစေနဲ့။ သူ့ဘက်ကတွယ်ကပ်နေလည်း စိတ်ယိုင်တဲ့အမူအရာမပြပါနဲ့။ ကြာရင်သူလည်းသဘောပေါက်သွားပါလိမ့်မယ်။ ဘယ်သူကမှဘယ်သူ့ကို တစ်သက်လုံးမချစ်နိုင်သလို ကိုယ့်ကိုမချစ်တော့တဲ့လူကို အချိန်တွေအကြာကြီးတွယ်ကပ်မနေနိုင်ပါဘူး။

အထာကျကျလမ်းခွဲနိုင်ကြပါစေ…
အထာကျကျလမ်းခွဲကြမယ် (လမ်းခွဲစကားဘယ်လိုပြောကြမလဲ…..) အထာကျကျလမ်းခွဲကြမယ် (လမ်းခွဲစကားဘယ်လိုပြောကြမလဲ…..) Reviewed by Daily Myanmar Media on November 13, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.