အဖျောက်တွင် ကမ်းပြို၍ အိမ်ထောင်စု ၆၀ ကျော် အရေးပေါ်ပြောင်းရွှေ့၊ နေစရာအခက်ကြုံ

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ပန်းတုန်းပိတ်ကျေးရွာမှာ နိုဝင်ဘာ ၁၃ ရက်နေ့ညကစတင်ပြီး မြစ်ကမ်းပါးများဆက်တိုက်ပြိုကျနေတဲ့အတွက် အိမ်ထောင်စု ၆၀ ကျော် ဘေးလွတ်ရာကို အရေးပေါ်ပြောင်းရွေ့နေရပြီး လက်ရှိအချိန်မှာ နေစရာအခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

မြစ်ကမ်းပါးတွေက နေ့ဘက်ထက် ညဘက်တွေမှာ အပြိုများပြီး တခါပြိုရင်ပေ ၂၀ ကနေ ပေ ၃၀ အထိပြိုကျတာကြောင့် စိုးရိမ်ရတယ်လို့ ကျေးရွာသားတဦးဖြစ်သူ ဦးမြင့်ကြိုင်က ပြောပါတယ်။
“ကမ်းပြိုလို့ ကျနော်ဘေးက သစ်သားအိမ်တလုံး၊ ဝါးအိမ်တလုံးနဲ့ ကျနော့်မုန့်ဖိုတလုံး ရေထဲပါသွားတယ်။ ကမ်းကအက်ကြောင်းပေးလာပြီး ၁၅ မိနစ်လောက်ကြာရင်ပြိုတာ။ အလုံးလိုက် ပြိုပြီးရေက ဆွဲချသွားတာ။ ဘာပစ္စည်းမှ ယူချိန်မရလိုက်ဘူး။ အခုပြိုတဲ့အထဲမှာ မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ထားတဲ့ မြေထိန်းနေရာတွေပါတယ်။ တာဝန်ရှိသူတွေတော့ လာကြည့်သွားတယ်။ ပြောင်းရတဲ့မိသားစုတွေ နေစရာမရှိလို့ လမ်းမပေါ်တွေ၊ တာဘောင်ဘေးနဲ့ သူများခြံတွေထဲမှာ တောင်းနေရတယ်။”

သက်ဆိုင်ရာမြို့နယ်ကို စာတင်ပြောဆိုထားပြီး နေရာချထားပေးဖို့ကို တောင်းဆို ထားပေမယ့် ခုချိန်ထိတော့ ဘာမှပြောဆိုတာ မရှိသေးဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းတန်က ပြောပါတယ်။

“ကမ်းပြိုတဲ့နေရာကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လာလို့ ကျနော်တင်ပြတောင်းဆိုထားပါတယ်။ သူတို့ကတော့ လုပ်ပေးမယ်လို့တော့ ပြောသွားတယ်။ ခုချိန်မှာ ကမ်းပြိုလို့ပြောင်းရွှေ့နေရပြီး နေစရာအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၁၅၀ ရှိတယ်။ စေတနာရှင်အဖွဲ့တွေနဲ့ လူကယ်ပြန်ကတော့ ထောက်ပံ့တာတွေ ပြုလုပ်ပေးနေပါတယ်။”

ကမ်းပြိုလို့ ပြောင်းရွှေ့နေရပြီး နေစရာအခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို ပြန်လည် နေရာ ချထားပေးဖို့ အစိုးရမှာ တာဝန်ရှိပေမယ့် ကျေးရွာအနီးအနားမှာ အစိုးရပိုင်မြေ မရှိတဲ့အတွက် ပြန်လည်ချထားပေးနိုင်တာ မရှိဘူးလို့ တိုက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောပါတယ်။

“နေစရာအခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို ပြန်နေရာချထားပေးဖို့ အစိုးရမှာ တာဝန်ရှိ တယ်။ ကျေးရွာအနီးအနားမှာ အစိုးရပိုင်မြေဖြစ်တဲ့ စားကျတ်မြေတို့ မြေလွတ်မြေရိုင်းတို့ မရှိတဲ့ အတွက် နေရာချထားပေးနိုင်တာ မရှိဘူး။ ဒါပေမယ့် ကမ်းပြိုမိသားစုတွေ လယ်မြေတွေကို ပြန်ဝယ် ပြီးနေမယ်ဆို အခြားနည်းသုံးစွဲခွင့်ရဖို့ ကူညီပေးပါမယ်။ အခုကိစ္စ လွှတ်တော်တင်ရမယ့်အဆင့် အထိ မရှိပါဘူး။ သက်ဆိုင်ရာတွေကို အကူအညီတောင်းခံပေးသွားပါမယ်”လို့ပြောပါတယ်။
၂၀၁၆ ခုနှစ်က ၄ လပိုင်းကစတင်ပြီး နိုင်ငံတော်ဘတ်ဂျတ် ၁.၅ ဘီလီယံအကုန်ခံပြီး အဖျောက်မြို့မှာ မြစ်ကမ်းဆယ်တာနဲ့ ကမ်းထိန်းလုပ်ငန်းတွေ လုပ်ကိုင်နေပြီး ၂၀၁၈ နိုဝင်ဘာမှာ ပန်းတုန်းပိတ်ကျေးရွာမှာ ပေ ၃၀၀ ကျော် ကမ်းပြိုကျခဲ့ပြီး သိန်းပေါင်း ၃၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ မြစ်ကမ်းထိန်းသိမ်းရေးဌာနက သိရပါတယ်။

ပန်းတုန်းပိတ်ကျေးရွာမှာ အိမ်ထောင်စု ၃၅၀ ကျော်ရှိပြီး ၂၀၁၄ ခုနှစ်ကစတင်ပြီး မြစ်ကမ်းပါးပြိုကျတာတွေကြောင့် အိမ်ထောင်စု ၁၅၀ ကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး နီးစပ်ရာ နေရာတွေမှာပါ နေထိုင်နေရတာပါ။

နိုဝင်ဘာ ၁၃ ရက်နေ့ ညအချိန်က မြစ်ကမ်းပါးတွေပြိုကျခဲ့တဲ့အတွက် နေအိမ်နှစ်လုံး ရေထဲပါသွားခဲ့ပြီး အိမ်ထောင်စု ၆၃ စု လူဦးရေ ၂၆၀ ကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး နေစရာ အခက်အခဲတွေ ဖြစ်ပေါ်နေတာပါ။

သတင်း –မေသွ
အဖျောက်တွင် ကမ်းပြို၍ အိမ်ထောင်စု ၆၀ ကျော် အရေးပေါ်ပြောင်းရွှေ့၊ နေစရာအခက်ကြုံ  အဖျောက်တွင် ကမ်းပြို၍ အိမ်ထောင်စု ၆၀ ကျော် အရေးပေါ်ပြောင်းရွှေ့၊ နေစရာအခက်ကြုံ Reviewed by Daily Myanmar Media on November 24, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.